International News

အိန္ဒိယနိုင်ငံသည် ဆီနီဂေါ၊ ဂန်ဘီယာနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဆန်ကွဲတင်ပို့ရန်သဘောတူ

Last Updated:

အိန္ဒိယ နိုင်ငံနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)က ဆီနီဂေါ၊ ဂန်ဘီယာနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ဆန်ကွဲတင်သွင်းရန် ကမ်းလှမ်းလာမှုအပေါ် တင်ပို့သွားရန် သဘောတူခွင့်ပြုခဲ့ကြောင်း သိရသည်။ ဆန်ကွဲတန်ချိန်မည်ရွေ့မည်မျှတင်ပို့ရောင်းချသွားမည်ကိုမူ အတိအကျမသိရှိရသေးဘဲ၊ လွန်ခဲ့သောသုံးနှစ်တာကာလအတွင်း အဆိုပါနိုင်ငံများသို့ ဆန်မျိုးစုံတင်ပို့ရောင်းချခဲ့ဖူးသော အိန္ဒိယပို့ကုန်လုပ်ငန်းများကိုသာ ဆန်ကွဲတင်ပို့ရန် ကိုတာများခွဲဝေပေးသွားမည်ဟု ယခုလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ၎င်း၏အမိန့်ကြော်ငြာစာ၌ ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က အိန္ဒိယနိုင်ငံမှ ဆန်ကွဲတင်ပို့မှုကို ဦးစွာပထမပိတ်ပင်ခဲ့သော်လည်း သက်ဆိုင်နိုင်ငံအစိုးရများက ၎င်းတို့၏စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်အရ တောင်းဆိုလာသည့်အပေါ်အခြေခံ၍ ပြန်လည်တင်ပို့ခွင့်ပြုရန် ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ဆန်ကွဲတင်ပို့မှုကန့်သတ်ပိတ်ပင်ခဲ့ချိန်မတိုင်မီ လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း အဆိုပါနိုင်ငံများသို့ ကုမ္ပဏီအလိုက်တင်ပို့ရောင်းချခဲ့သည့် ဆန်နှင့်ဆန်ကွဲမျိုးစုံ စုစုပေါင်းပမာဏအပေါ် အချိုးကျတွက်ချက်ကာ အနိမ့်ဆုံးဆန်ကွဲတင်ပို့ရောင်းချရမည့်ပမာဏကို DGFT က သတ်မှတ်ခဲ့သည်။ ယင်းသတ်မှတ်ချက်အရ သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် အနည်းဆုံးဆန်ကွဲတန်ချိန် (၈၀၀၀)ထက်မနည်းသောပမာဏကို ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်ပြုရန် ယခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားသွားရမည်ဖြစ်သည်။

အဆိုပါပို့ကုန်ခွင့်ပြုချက်(ပါမစ်)သည် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သက်တမ်းရှိမည်ဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ၎င်းတို့ရရှိထားသော ကိုတာအလိုက်ဆန်ကွဲများ တင်ပို့ပြီးစီးကြောင်းအထောက်အထားကို တင်ပို့ပြီးအချိန်တစ်လအတွင်း တင်ပြသွားရမည်ဟုဆို သည်။ ယခုကဲ့သို့ ဆန်ကွဲတင်ပို့ရန်ခွင့်ပြုသည့်ကိစ္စ၌ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ပါဝင်ပတ်သက်နေသည့်အတွက် မဟာဗျူဟာကိစ္စတစ်ရပ်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ယမန်နှစ်က DGFT အနေဖြင့် ဆန်ကွဲတင်ပို့မှုပိတ်ပင်ခဲ့သလို ဆန်ဖြူနှင့်ဆန်ညိုတင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းအထိကောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသတွင် မိုးရေရရှိမှုနည်းပါးသည့်အတွက် ဆန်စပါးစိုက်ပျိုးမှုအပေါ် ထိခိုက်စေခဲ့သည့် အတွက်ဖြစ်သည်။ ယခုနှစ် စပါးပေါ်ချိန်အပြီး ဇွန်လ ၃၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ ဆန်ထုတ်လုပ်မှုစုစုပေါင်းမှာ တန်ချိန်သန်းပေါင်း ၁၃၅ ဒဿမ ၅၄ တန်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

ရည်ညွှန်း။ https://www.thehindubusinessline.com/economy/agri-business/india-approves-export-of-broken-rice-to-senegal-gambia-and-indonesia/article66994117.ece

ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့

Category: International News